Monday, May 31, 2010

ရထားပန်းယိုင်




ရထားပန်းယိုင် (၀ါ)ရထားဆွဲပွဲသည် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များထဲတွင် ထင်ရှားသည့် ရိုးရာ အားကစားပွဲတစ်ခုဖြစ်သည်။ ရထားဆွဲပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံ အရှုံးမပေးကြေးစိတ်ဓာတ် ခိုင်ခိုင်ဖြင့် အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံးပါဝင်ကစားရသည်။ အချို့ဝင်ရောက်ယှဉ်ပြိုင်ခြင်း(သို့) ဘေးကြည့်ရှုအားပေးခြင်းဖြင့် လူတိုင်း၏ စိတ်ဓာတ်တက်ကြွမှု၊ လန်းဆန်းမှုတို့နှင့်အတူ အမျိုးသား အားမာန်များကို ဖြစ်ထွန်းစေပါသည်။ ရထားဆွဲပဲအစဉ်အလာသည် မြောက်ဦးခေတ် မင်းဗာဘုရင်အုပ်ချုပ်သည့် ကာလမှစတင်ပြီး ထွန်းကားလာခဲ့ခြင်းဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်


ရခိုင်ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်နှစ်တိုင်း ဧပြီလတွင်ကျင်းပပြုလုပ်ကြပါသည်။ ရခိင်ဒေသအလိုက် သင်္ကြန်ပွဲတော်ရက်များကွဲပြားခြားနားပါသည်။ သင်္ကြန်ပွဲတော်ဆင်ယင်ကျင်းပ ရာတွင် ရခိုင်လူမျိုးတို့မျာ အယင်ဆုံး နံသာသွေးပွဲဆင်ယင်ကျင်းပရသည်။ ၄င်းကိုသင်္ကြန်အကြိုနေ့ တွင် ရပ်ကွက်၊ မြို့တိုင်းတွင် ပြုလုပ်ကြသည်။ နံသာသွေးရန်အတွက် ရခိုင်သူများသည် မိမိအိမ်မှ သနပ်ခါး ကျောက်ပျဉ်များ၊ နံသာဖြူ၊ နံသာနီစသည့် အမွေးနံသာ စသည်တို့ကိုယူဆောင်လာပြီး  စုဝေးညီညွတ် ပျော်ရွှင်စွာဖြင့်နံသာသွေးကြရပါသည်။ ကာလသားလူငယ်တို့မှာက ရိုးသာသံစဉ်တီးမှုကခုန်ခြင်းများ၊ သံချပ်တိုင်ခြင်းများဖြင့် သီဆိုဖျော်ဖြေမှုများပြုလုပ်ကြပါသည်။

Tuesday, May 18, 2010

ရခိုင်ပြည်နယ်တံဆိပ်နှင့် အလံ


ရခိုင်ပြည်နယ်တံဆိပ်
(ရခိုင်ပြည်နယ်တံဆပ်၊ အောင်လံနှင့် ပြည်နယ်အလံပုံတို့ကို အသုံးပြုနိုင်ရန်အတွက် အသစ်ပြန်လည် ရေးဆွဲပြီးတင်ပေးထားပါသည်။ ပုံထွက်ကောင်းစေရန် ဆိုက်ကြီးကြီးရေးဆွဲပေးထားပါသည်။ မိမိတို့ လိုအပ်ပါက ယူ၍သုံးစွဲနိုင်ပါသည် )
ရခိုင်လူမျိုးတို့သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားပါသည်။  ဝေသာလီ ခေတ်ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခဲ့သည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ပါသည်။  ရခိုင်ပြည်နယ်တံဆိပ်တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်တွင် ပါရှိသော ရုပ်ပုံများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Monday, May 17, 2010

ထုက္ကန့်သိမ်ထဲမှ စကားပြောနေသော ပုံရိပ်များ

ထုက္ကန့်သိမ်အကြောင်းကို ရှေ့က ပိုစ့်တစ်ခုထဲမှာ တင်ပြခဲ့ပြီးပါပြီ။ အခုထပ်မံပြီးတော့ ထုက္ကန့်သိမ်ထဲက ဓာတ်ပုံများကိုဆက်လက်ဖော်ပြပေးထားပါတယ်။ 

ရုပ်တုများနဲ့ ကိုးသောင်းပုထိုးတော်

ကိုးသောင်းပုထိုးတော်ကြီးအကြောင်းကို အရှေ့ပိုင်းမှ တင်ပြခဲ့ပြီးပါပြီ။ အခုထပ်တင်ပေးတာက ကိုးသောင်းပုထိုးတော်ကြီးထဲက ဓာတ်ပုံတွေကို ထပ်မံတင်ပြပေးပါမယ်။ နှစ်ပေါင်းမြောက်မြားစွာ ရာသီဥတုဒဏ်ကို အလူးအလိမ့်ခံခဲ့ရလို့ တစ်ချို့အရာတွေဆိုရင် ပြိုပျက်ကုန်နေပါပြီ

Sunday, May 16, 2010

ဥတုရာသီတောကိုမှီ၏


“ ဥတုရာသီတောကိုမှီ၏ ”တဲ့။
အခုတော့လူတွေလုပ်လိုက်တာ တောမရှိတော့ ဥတုကဘယ်နားကိုသွားမှီရမှန်းမသိတော့ဘူး။ ရာသီကလည်း အိမ်ရာတွေပျောက်တော့ ထင်တိုင်းကြဲနေတာပဲ။ မှန်ကိုမမှန်တော့ဘူး။ အင်းလေးကန်ကြီးတောင်ခန်းခြောက် ကုန်တယ်။ တစ်နိုင်ငံလုံး ရေရှားပါးမှု ပြဿနာကိုရင်ဆိုင်ရတယ်။ ပူအိုက်တဲ့ဒါဏ်ကိုအလူးအလဲခံစားရတယ်။ သစ်ပင်တွေပြုန်းတီးလာတယ်။ စက်မှုထွန်းကားလာတယ်။ နှစ်ခုစလုံးက သဘာဝအတွက်ဆိုးကျိုးတွေပဲလေ။ လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်စိုက်ခြင်းအားဖြင့် သဘာဝကိုကူညီရမယ်။

မြန်မာ့စီးပွားရေးဘဏ်


ဒါကတော့ မြန်မာ့စီးပွားရေးဘဏ်ပုံပါ။ ဒီဘဏ်ဟာ ကျွန်တော့်ဘ၀ရဲ့ တစ်ဆစ်ချိုးအကွေ့ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲများစွာကိုပေးစွမ်းနိုင်ခဲ့တဲ့ရုံးတစ်ရုံးပါ။ ဒီဘဏ်ကြီးမှာ ကျွန်တော် ၃၁-၃-၂၀၀၀ ခုနှစ်ကနေ ၂၁-၅-၂၀၀၉ နေ့ထိ ရုံးအကူဘ၀ကနေ အကြီးတန်းစာရေးထိ စစ်တွေခရိုင်ရုံးနဲ့ ပြည်နယ်ရုံးတို့မှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီဘဏ်မှာ နေရင်းနဲ့ ကျွန်တော်ဟာ ဘ၀အတွေ့အကြုံတွေအများကြီးရရှိခဲ့ပါတယ်။ ပညာလည်းရရှိခဲ့ပါတယ်။ မိန်းမလည်းရခဲ့ပါတယ်။ ဒီဘဏ်နဲ့ပတ်သက်လို့အမှတ်ရစရာလေးတွေကတော့ အများကြီးပါပဲ။ ကျွန်တော်က ဒီဘဏ်က ပညာတွေသင်ယူရင်းနဲ့ ဒီဘဏ်ကိုလည်းကျွန်တော်တတ်တဲ့ ကွန်ပျူတာပညာနဲ့ ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ 

ဦးရာဇ်တော်ဓာတ်စေတီ

ပုဏ္ဍားကျွန်းမြို့မှာ တည်ရှိတဲ့ ဦးရာဇ်တော်ဓာတ်သမိုင်းဝင်စေတီတော်ဖြစ်ပါတယ်။ စေတီတော်ရဲ့ သမိုင်းကို ဖော်ပြပေးပါအုံးမယ်။ အခုတော့ ဓာတ်ပုံတွေပဲတင်ပေးထားပေးပါအုံးမယ်

တောဆင်ရိုင်း


ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်မှာ  တွ့ခဲ့ရတဲ့တောဆင်ရိုင်းတွေပါ။ အဲဒီနယ်တွေမှာ တောဆင်ရိုင်းတွေနဲ့ လူတွေရဲ့ ပဋိပက္ခ ကတော့ ဒီနေ့တိုင်ရှိနေဆဲပါ။.

လိပ်ပြာ

ကျွန်တော်နဲ့ ရန်ကုန်က ကျွန်တော့်ဆရာ (APPLEAK) တို့ မြောက်ဦး၊ ကျောက်တော်ဘုရားဖူး ခရီးသွားတုန်းက ရိုက်ထားခဲ့တာပါ။ မြောက်ဦးက အပြန် ကျောက်တော် ကိုခဏ၀င်ပြီး မြန်မာ့စီးပွားရေးဘဏ် မှာနားရင်းနဲ့ ဒီလိပ်ပြာပုံလေးကိုရခဲ့တာပါ။ စိတ်ရှည်လက်ရှည်ရိုက်ခဲ့ရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဒီပုံလေးကိုရိုက်ယူခဲ့တဲ့ ကင်မရာက ဓာတ်ပုံကင်မရာနဲ့မဟုတ်ပဲ ဗီဒီယိုကင်မရာနဲ့ရိုက်ယူခဲ့ရတာ ဖြစ်လို့ပါ။ Panasonic NV-GS330 အမျိုးအစားနဲ့ပါ။ 

ကြက်ဆူသီး

ကျွန်တော်နဲ့ ရန်ကုန်က ကျွန်တော့်ဆရာတို့ ကျောက်တော်၊ မြောက်ဦးဘုရားဖူးသွားရင်းရိုက်ဖြစ်ခဲ့တာပါ။ မြောက်ဦးကအပြန် ကျောက်တော်၊ မြန်မာ့စီးပွားရေးဘဏ်မှာ ခဏ၀င်နားရင်းနဲ့ ဒီကြက်ဆူသီးလေးကို ရိုက်ဖြစ်ခဲ့တာပါ။

Saturday, May 15, 2010

ဗုဒ္ဓသရီရမြတ်အံတော်


ဗုဒ္ဓသရီရမြတ်အံတော်သည် သိရိလင်္ကလာနိုင်ငံတွင် မူလကိန်းဝပ်စံပါယ်တော်မူခဲ့ပါသည်။ ၁၅၂၅ ခုနှစ်တွင် သံတွဲမြို့မှ သာသနာပိုင် ဆရာတော်ကြီး ဦးတေဇောသာရနှင့် မြောက်ဦးမြို့မှ မြတန်ဆောင်း ဆရာတော်ကြီးဓမ္မ၀ိသာလတို့အမှူးပြုသည့် သံဃာတော် အပါး(၄၀)တို့သည် သိရိလင်္ကာနိုင်ငံမှ သာသနာပြုပြီးအပြန် ဓမ္မိကသျှင်ရသေ့တစ်ဦးတည်ထားခဲ့သည့် ၀နဘယ တောင်ပေါ်ရှိ ပြိုပျက်နေသည့်စေတီဟောင်းမှ ရောင်ခြည်တော်ကွန်မြူးနေသည့် အံတော်ဓာတ်ကို ဖူးတွေ့ရသဖြင့် ပင့်ဆောင်ယူလာခဲ့ပြီး သံတွဲမြို့စား ဘာစောသိရီ(မင်းဗာကြီး)အားအပ်နှင်းခဲ့ပါသည်။

Friday, May 14, 2010

စစ်တွေလေဆိပ်

စစ်တွေမြို့ကို လေကြောင်းလမ်းကလာခဲ့မယ်ဆိုရင် ရခိုင်ပြည်ကို ပထမဆုံးခြေချတာနဲ့ ကြုံတွေ့ရမယ့် စစ်တွေလေဆိပ်ပါ။ ကျွန်တော်တို့ရခိုင်ပြည်က ရိုးတောင်ကြီးကာစီးထားတော့ သွားလာရေးခရီးက သိပ်မလွယ်ကူဘူးလေ။ ပြည်မနဲ့ကိုသွားမယ်ဆိုရင် လေကြောင်း၊ ရေကြောင်း၊ ကားလမ်းကြောင်းသုံးခုကနေ သွားလို့ရပါတယ်။ လေကြောင်းလမ်းကတော့အကောင်းဆုံးပဲ။

Thursday, May 13, 2010

ပင်လယ်ငါး

ရခိုင်ဒေသသည် ပင်လယ်နှင့်ဆက်စက်စွာ တည်ရှိသဖြင့် ပင်လယ်ငါးများ ပင်လယ်ပုဇွန်များမှာ အထူးပင် ပေါများလှပါသည်။ သို့သော်လည်း ပင်လယ်ငါးများကို အလွန်အကျွံဖမ်းဆီးခြင်းများပြုလုပ်လာသဖြင့် ပင်လယ် သံယံဇာတများမှာ အလွန်ပင်ရှားပါးလာပါသည်။ ငါးမန်းများ၊ ငါးလိပ်ကျောက်များမှာလည်း ရှားပါးစပြုလာပြီဖြစ် ပါသည်။ ယခင်တုန်းကဆိုလျှင် ဈေးထဲသွားကြည့်လျှင် ငါးမန်းများအားနေ့တိုင်းလိုလိုတွေ့ရတတ်သည်။

စစ်တွေပွိုင့်ကမ်းခြေ

စစ်တွေမြို့ရဲ့ အပမ်းဖြေစရာနေရာလေးတစ်ခုဖြစ်တဲ့ ပွိုင့်ကမ်းခြေ(ပင်လယ်ကမ်းခြေပါ)။ စနေ၊ တနင်္ဂနွေဆိုရင် လူတွေပျော်ပွဲစားထွက်ကြပါတယ်။ ပြီးရင် ပင်လယ်ရေကူးရတာလည်း ပျော်စရာပါ။ 

စစ်တွေနာရီစင်

စစ်တွေမြို့ရဲ့ နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းနာရီစင်ကြီးဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ်က တည်ဆောက်ခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီရုပ်တုထက် တစ်နှစ်ပဲ ငယ်ပါတယ်။  အင်္ဂလန်ဝိတိုရိယဘုရင်မရဲ့မွေးနေ့မှာ စစ်တွေမြို့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
နာရီစင်ဟာ စစ်တွေမြို့၊ လမ်းမကြီး၊ အမှတ် ၁ ရဲစခန်းဝင်းအထဲမှာ တည်ရှိပါသည်။

လက်ဝဲသလုံးတော်ဓာတ်စေတီ

လက်ဝဲသလုံးတော်ဓာတ်စေတီသည် စစ်တွေမြို့၊ ကန်တော်ကြီး ရာဟုထောင့်အနီးရှိ နန္ဒစူဠပဗ္ဗတတောင် ပေါ်တွင် တည်ရှိပါသည်။ ဘုရားရှင်နုစဉ်အခါပုတတ်မင်းဖြစ်စဉ် ကျင်လည်ခဲ့သည့်နေရာဖြစ်သည့် ဗုဒ္ဓရှင်တော်၏ သလုံးတော်ဓာတ် (၁၄)ဆူရှိခဲ့ပေသည်။ ရခိုင်သူရိယစက္ကမင်းတည်ထားခဲ့သည့် ဓာတ်တော် (၂၄၇)ဆူကို ဌာနပနာတည်ထားခဲ့သည့် စေတီတော်များတွင် လက်ဝဲသလုံးတော်ဓာတ်စေတီသည် တစ်ဆူအပါအ၀င်ဖြစ်ပါသည်။

ထုက္ကန့်သိမ်ပုထိုးတော်ကြီး


ထုက္ကန့်သိမ်ပုထိုးတော်ကြီးကို ဘုရင်မင်းဖလောင်းနှင့် မိဖုရားကြီးရှင်လတ်တို့မှ သက္ကရာဇ်(၉၃၃)ခုနှစ်၊ ခရစ်နှစ် ၁၅၇၁ ခုနှစ်တွင် တည်ထားခဲ့ပါသည်။ အကျယ်မှာ တောင်မှ မြောက်သို့ ၁၁၀ ပေ၊ အရှေ့မှအနောက်သို့ ၁၃၇ ပေ၊ အမြင့်ပေ ၂၀ ရှိပါသည်။

ဆရာတော်ဦးဥတ္တမပန်းခြံ

မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ကြီး၏ ရုပ်ပုံကိုကြေးရုပ်တုအဖြစ် သွန်းလုပ်ပြသထားသည့် ပန်းခြံကြီးတစ်ခုဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးနိုးကြားမှုရှိစေရန် ပထမဆုံးနိုင်ငံရေးမျက်စိကိုဖွင့်လှစ်ပေးခဲ့ပြီး အရှေ့တောင်အာရှ တစ်လွှား၌ နိုင်ငံရေးနိုးကြားမှုရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေးစာပေများရေးသားပြီး စတင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ပါ သည်။ ဆရာတော်ကြီးသည် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်တွင် အဖဦးမြနှင့် အမိဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပါသည်။

ရခိုင်ရိုးရာကျင်ပွဲ

“ကျင် ကျင် ကျင် ရခိုင်သားကြိုက်တေကျင်၊ ရမ်းဗြဲ၊ မာန်အောင်၊ အနောက်သားရခိုင်ကြိုက်တောကျင်. ....” ဆိုသည်နှင့်အညီ ကျင်ပြိုင်ပွဲမှာ ရခိုင်လူမျိုးတို့တွင် “ကျင်”အမည်ရှိသည် ရိုးရာအားကစားတစ်ခုမှာ အထူး ထင်ရှားလှပါသည်။  ဤကစားနည်းသည် ရှေးရခိုင်ဘုရင်မင်းများလက်ထက်မှ စတင်ဆင်းသက်လာခဲ့သည်ဟု သမိုင်းအထောက်အထားများအရသိရပါသည်။ အေစီ ၁၅၃၁ ခုတွင် မြောက်ဦးထီးနန်းကို နန်းတက်အုပ်ချုပ်သည့် ဘုရင်မင်းဗာကြီး၏ ကောင်းမှုတစ်ခုဖြစ်သည့် သျှစ်သောင်းပုထိုးတော်၏ လိုဏ်ပတ်နံရံမှ ရုပ်လုံးရုပ်ကြွတို့အထဲတွင် “ကျင်”ကစားနည်း ရုပ်လုံးရုပ်ကြွများကိုတွေ့ရပါသည်။ 

သျှစ်သောင်းပုထိုးတော်ကြီး

 သျှစ်သောင်းပုထိုးတော်မွမ်းမံထားသည့်ပုံ
“သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုသည့်စကားနှင့်အညီ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီ၊ ပုထိုးများကို မြောက်ဦးပတ်ဝန်းကျင်ရှိနေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့များပြားလှသည့် သမိုင်းဝင်စေတီပုထိုးကြီးများထဲတွင် သီရိသူရိယစန္ဓာမဟာဓမ္မရာဇာဘွဲ့ခံ”မင်းဗာဘုရင်ကြီးသည် သက္ကရာဇ် (၈၉၃)၊ အေဒီ ၁၅၃၁ ခုနှစ်တွင် တည်ထားခဲ့သည့် သျှစ်သောင်းပုထိုးတောင်ကြီးမှာ အထူးထင်ရှားလှပါသည်။
သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ်ဆိုရခြင်းမှာ ရခိုင်ပိုင်ဒေသဖြင့်သည့် ဘင်္ဂါ ၁၂ မြို့သည် သူရတန်ဘုရင်များ လက်ထဲသို့ကျရောက်သွားသဖြင့် ဘုရင်မင်းဗာကြီးလက်ထက်တွင် ပြန်လည်တိုက်ခိုက်ရယူပြီး ရန်အသွယ်သွယ်ကို (လုံးဝ)အောင်မြင်မှုရရှိခဲ့ခြင်း (သို့မဟုတ်) ဘုရင်မင်းဗာသည် စစ်တိုက်၍ အောင်မြင်မှုရရှိ ခဲ့သဖြင့် ဗုဒ္ဓဂါယာသို့ သွားရောက်ပြီး မဟာဗောဓိစေတီတော်၌ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပေသည်။

စင်္ကြာမုနိရုပ်ပွားတော်မြတ်

စင်္ကြမုနိရုပ်ပွားတော်မြတ်မှာ မြောက်ဦးမြို့နယ် ချောင်းတစ်ခုအတွင်း ငါးရှာနေသော ရေလုပ်သားတစ်ဦးသည် ပိုက်ကွန်ငြိသဖြင့် ရေထဲဆင်းကြည့်ရာတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တစ်ဆူကိုတွေ့ရှိလေသဖြင့် ရေထဲမှ ပင့်ယူပြီး စန္ဒမုနိကျောင်းတိုက်သို့ ၂၀၀၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဆံတော်ရှင်စေတီ

ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်စွာတည်ရှိသော ကျွန်း ၃ ကွန်းရှိပါသည်။ ထိုကျွန်းများကို  ဖရုံကာကျွန်းများဟုခေါ်ပါသည်။ အရှေ့ဖရုံကာကျွန်း၊ အလယ်ဖရုံကာကျွန်း၊ အနောက်ဖရုံကာကျွန်းဟူ၍ ရှိပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် အနောက်ဖရုံကာကျွန်း(မြေငူကျွန်း)တွင် တည်ရှိပါသည်။  ဤ ဆံတော်ရှင်စေတီသမိုင်းမှာ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီသက္ကရာဇ် ၅၈၀ ခုနှစ်တွင် ဘုရားရှင်သည် ဘုရင်စန္ဒသူရိယမင်းပင့်ဖိတ်မှုကြောင့် ရခိုင်ပြည်သို့ကြွရောက်ပြီးအပြန်ခရီးတွင် နိလာပဗ္ဗတ တောင်(မြေငူကျွန်း)တွင် ရပ်တန့်တော်မူရာ ရှစ်ဦးသော နဂါးမင်းနှင့် တကွ နဂါးပရိသတ်တို့သည် ဘုရားရှင်အား ခရီးဦးကြိုဆိုပြုကြပါသည်။

Wednesday, May 12, 2010

ဒီရေတော

ရာသီဥတုကအခုနောက်ပိုင်းအမျိုးမျိုးဖြစ်လာနေတယ်။ တအားပူတယ်။ ရေရှားလာတယ်။ အဲဒါဘာကြောင့်လဲ ဆိုတော့ သစ်ပင်တွေပြုန်းတီးလာလို့။ သဘာဝပန်ဝန်းကျင်တွေပြုန်းတီးလာလို့လေ....။ အခုရိုက်ထားတဲ့ ပုံလေးကတော့ စစ်တွေကမ်းခြေမှာ အသစ်စိုက်ပျိုးထားတဲ့ ဒီရေတောပါ။ အရင်တုန်းက ဒီရေတောတွေ အများကြီး၊ အခုတော့ လူတွေမဆင်မခြင်လုပ်နေခုတ်၊ မီးသွေးဖုတ်နေတာနဲ့ ဒီရေတောတွေပျောက်ကုန်ရော။ အခုကျွန်တော်တို့ရခိုင်ပြည်မှာ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်နေကြပြီ။

အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး

အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးမှာ စစ်တွေမြို့တွင် အလွန်ထင်ရှားသော ဘုရားကြီးတစ်ဆူဖြစ် ပါသည်။ ၁၂၅၁ ခုနှင့် ၁၂၆၀ ပတ်ဝန်းကျင်လောက်တွင် စစ်တွေမြို့ရပ်နီးရပ်ဝေးတွင် အတိတ်တစ်ဘောင် တစ်ခုပေါ်ထွန်းခဲ့ ပါသည်။ တဘောင်မှာ ငွေလံလည်းကိုင်၊ ကိန်းနှင့်ဆိုင် ရခိုင် ဘုရားပေါ်လတံ္တ ဟူ၍ဖြစ်သည်။

ရခိုင်ရိုးရာ လှေပြိုင်ပွဲ

  • ရခိုင်ရိုးရာလှေပြိုင်ကို ရခိုင်ရှေ့ဟောင်းမှတ်တမ်းများအရ မြန်မာသက္ကရာဇ်၉၁၈ ခုနှစ်တွင် နန်းတက်သည့်  ရခိုင်ဘုရင် မင်းစောလှလက်ထက်တွင် စတင်ခဲ့ကြောင်း သိရှိရပါသည်။ လှေပြိုင်ပွဲများကို ရိုးရာယှုကျေးမှုဓလေ့ ထုံးစံများအရ ယနေ့အထိ ပုံမှန်ကျင်းပမှု ရှိနေဆဲဖြစ်ပါသည်။ လှေပြိုင်ပွဲဝင်သည့် လှေအရွယ်အစားများမှာ ယခင်အချိန်တုန်းက ၉ လံ အထိရှည်လျားခဲ့ကြသော်လည်း၊ ယခုအချိန်တွင် ၅ လံ၊ ၅ လံနှင့် ၂ တောင် အရှည်ရှိသည့် လှေများဖြင့် ပြိုင်ပွဲကျင်းပကြပါပသည်။ ပြိုင်ပွဲကျင်းပသည့် ရာသီမှာ တန်းခူးလ (ဧပြီလ)တွင် ရာသီပွဲတော်တစ်ခုအဖြစ် သီးခြားကျင်းပမှုရှိကြပါသည်။ ရခိုင်ပြည် တောင်ပိုင်း ရမ်းဗြဲမြို့တွင်မူ ကဆုန်(မေလ)တွင် ကျင်းပပါသည်။ ပြိုင်ပွဲဝင်လှေနှစ်စီး၏ အရှုံးအနိုင်ကို မိမိဒေသအလိုက် နည်းလမ်းဖြင့် ဆုံးဖြတ်ကြပြီး၊ ရမ်းဗြဲမြို့တွင်မူ တာဝင်စက်ဖြင့် ဆုံးဖြတ်ပေးပါသည်။ လှေပြိုင်ပွဲတွင် ပထမဆုကို ရွှေမောင်း၊ ဒုတိယဆုကို ရွှေနှင့်ငွေရောစပ်ထားသည့် မောင်းနှင့် တတိယဆုကို ငွေမောင်းပေးအပ်လေ့ရှိပါသည်။ 

Tuesday, May 11, 2010



  • ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့တော်တွင်တည်ရှိပါသည်။ ၁၅၅၃ ခုနှစ်တွင် ဘုရင် မင်းတိက္ခာ(သျှစ်သောင်းဘုရားတည်သည့် ဘုရင်မင်းဗာကြီး၏ သားဖြစ်သူ)မှ တည်ထားခဲ့ ပါသည်။ 
  • ဤကိုးသောင်းပုထိုးတော်ကြီးမှာ ယခင်က ချုံနွယ်များ ပိတ်ဆို့နေသည့် တောင်ကုန်းတစ်ခုဟု ထင်မှတ်ခဲ့ကြပါသည်။ (၉-၉-၁၉၉၆)ခုနှစ်တွင် ကိုးသောင်းပုထိုးတော်ကြီးတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့ ပါသည်။ အနောက်ဖက်မျက်နှာ၏ အောက်ခြေသည် ပေ ၂၅၀ ခန့်ရှိ၍ တောင်နှင့်မြောက်ဘက် အောက်ခြေမှာ ပေ ၂၃၀ ရှိပြီး အရှေ့ဘက်မျက်နှာနှင့် အရှေ့တော်နှင့် အရှေ့မြောက်အောက်ခြေသည် ၇၇ ပေ ရှိကြသည်။ အနေားအောက်ခြေ ဖိနပ်တော်မှ ၅ ပေအမြင့်ကို သွပ်မိုးထားပြီး အပေါ်ပိုင်းတို့ကို လှေကားထစ်ပုံစံမျိုးပစ္စယံငါးဆင့်ပြုလုပ်ထားသည်။ ထိုအဆင့်များ၏ နံရံကို ၃ ပေ ၈ လက်မအရွယ်အစားရှိ အုပ်တို့ဖြင့် ပြုလုပ်ထားသည်။


Monday, May 10, 2010

စန္ဒမုနိရုပ်ရှင်တော်မြတ်

တတိယဓည၀တီခေတ် စန္ဒသူရိယဘုရင်လက်ထက် သက္ကရာဇ် ၁၂၃ခုနှစ် တွင်မြတ်စွာဘုရားသည် ဓည၀တီပြည်သို့ ကြွရောက်တော်မူခဲ့စဉ်က ဗျာဒိတ်တော်မူခဲ့သည့် နေရာများတွင် ဘုရားစေတီ၊ ပုထိုးများ တည်ထား ကိုးကွယ်မှုတို့ ပြုလုပ်ဃဲ့ကြလေသည်။ ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီး၏ တောင်းပန်လျှောက်ထားချက်များအရ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ်ခဲ့စဉ်က ကျန်ခဲ့သည် ရတနာတို့ဖြင့် စန္ဒမုနိ၊ သကျမုန၊ ဒေ၀မုနိ၊ စုဠမုနိဆင်းတုတော်များကို သွန်းလုပ်ခဲ့ကြလေသည်။. ဤဆင်းတုတော်များကို မဟာကျန်ဆင်းတုများဟု ခေါ်ဆိုခဲ့ကြပါသည်။ မဟာကျန်မုနိငါးဆူကို မဟာမုနိရုပ်ရှင်တော်တွင် ၀န်းရံပြီးတည်ထားခဲ့ပါသည်။

ရခိုင်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ကိန်းဝပ်စံပ္ပါယ်တော်မူနေတဲ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ပုံတော်ပါ။
  • တတိယဓည၀တီမြို့တော်စံ ဘုရင်စန္ဒသူရိယမင်းသည် အနောက်မဇ္စျိမတွင် ဘုရားးပွင်တော်မူသည်ကြားသိရ၍ ဖူးမျှော်လိုစိတ်များပြင်းပြ၍ မြတ်စွာဘုရားကိုရည်စူးပြီး ခုနစ်ရက်ပတ်လုံး ကုသိုလ်ပြုပူဇော်ခြင်း၊ ပင့်ဖိတ်တောင်းပန်တော်မူခြင်းတို့ ပြုလုပ်ခဲ့ပါသည်။