Thursday, May 13, 2010

ဆံတော်ရှင်စေတီ

ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်စွာတည်ရှိသော ကျွန်း ၃ ကွန်းရှိပါသည်။ ထိုကျွန်းများကို  ဖရုံကာကျွန်းများဟုခေါ်ပါသည်။ အရှေ့ဖရုံကာကျွန်း၊ အလယ်ဖရုံကာကျွန်း၊ အနောက်ဖရုံကာကျွန်းဟူ၍ ရှိပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် အနောက်ဖရုံကာကျွန်း(မြေငူကျွန်း)တွင် တည်ရှိပါသည်။  ဤ ဆံတော်ရှင်စေတီသမိုင်းမှာ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီသက္ကရာဇ် ၅၈၀ ခုနှစ်တွင် ဘုရားရှင်သည် ဘုရင်စန္ဒသူရိယမင်းပင့်ဖိတ်မှုကြောင့် ရခိုင်ပြည်သို့ကြွရောက်ပြီးအပြန်ခရီးတွင် နိလာပဗ္ဗတ တောင်(မြေငူကျွန်း)တွင် ရပ်တန့်တော်မူရာ ရှစ်ဦးသော နဂါးမင်းနှင့် တကွ နဂါးပရိသတ်တို့သည် ဘုရားရှင်အား ခရီးဦးကြိုဆိုပြုကြပါသည်။
ဘုရားရှင်သည် နဂါးမင်းတို့ခင်းကျင်းထားသော နေရာ၌ သီတင်း သုံးတော်မူပြီး နတ်နဂါးတို့လှူဒါန်းကြသော ဆွမ်းကိုဘုန်းပေးတော်မူပါသည်။ နဂါးမင်းရှစ်ဦးတို့ အမည်မှာကား 
- ဇေယျသေန နာဂရာဇာမည်သော နဂါးကြောင်
- စက္က နာဂရာဇာမည်သော နဂါးပတ်
- ဇမ္ဗု နာဂရာဇာမည်သော နဂါးရွှေ
- သိင်္ဂ နာဂရာဇာမည်သော နဂါးနီ
- ပဒုမ နာဂရာဇာမည်သော နဂါးဖြူ
- စိတြ နာဂရာဇာမည်သော နဂါးပြောက်
- စန္ဒသာရ နာဂရာဇာမည်သော  နဂါးမွဲ
- ကာလ နာဂရာဇာမည်သော နဂါးမဲတို့ဖြစ်ကြပါသည်။  
ဇေယျသေန နဂါးမင်းသည် ဘုရင်းရှင်ထံမှ ဆွမ်းကျွေးအနုမောဒနာတရားတော်မြတ်ကို နာယူတော်မူကြ ပြီးနောက် ဘုရားရှင်အား တပည့်တော်တို့ အမြဲကိုးကွယ်ဆည်းကပ်နိုင်ရန် တစ်စုံတစ်ခုသော ၀တ္တုပစ္စည်းကို ခွင့်ပြုသနားတော်မူပါဟု ဘုရားရှင်အားလျှောက်တင်တော်မူလေရာ ဘုရားရှင်က မိမိ၏ဦးခေါင်းကို သုံးသပ်တော်မူလေရာ ဆံတော်နှစ်ဆူပါလာသဖြင့် ဇေယျသေန နဂါးမင်းအား ဤ နီလာပဗ္ဗတတောင်၌ စေတီတည်ထားကိုးကွယ်လေလေ့ဟု ချီးမြင့်တော်မူခဲ့ပါသည်။ ထို့နောက် နဂါးမင်းရှစ်ဦးတို့သည် စေတီကို တည်ထားကိုးကွယ်တော်မူခဲ့ပါသည်။
စန္ဒသူရိယမင်းကလည်း နဂါးမင်းတို့တည်ထားကိုးကွယ်သော စေတီတော်အားဖူးမျှော်ရာ စေတီတော်မှာ သေးငယ်သေကြောင့် အသစ်ထပ်မံလျှက် တည်ထားကိုးကွယ်တော်မူခဲ့လေသောကြောင့် ဤ ဆံတော်ရှင်စေတီမှာ လူနှင့်နဂါးတည်ထားခဲ့သော စေတီတော်ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ ရှေးစာဆိုများက
လူနှင့် နဂါး၊ တည်တုံ့ငြားလည်း ဘုရားဆံတော်ရှင်
မြတ်ရှင်ပင်ကား လူ့ခွင့်ဇမ္ဗူ၊ နှိုင်းမတူသည့်
ဇမ္ဗူမဏ္ဍလ  ဤလောက၀ယ် မြူမျှမသန်း
ရောင်တော်စွမ်းဖြင့်၊ ပေါ်ထွန်းထင်ရှား
ဘုရားဗုဒ္ဓ၊ ဂေါတမသျှင် 
ဟူ၍ စပ်ဆိုထားကြပါသည်။
ယခုအချိန်တွင် ဆံတော်ရှင်စေတီတော် ပွဲတော်ကို နတ်တော်လပြည့်နေ့ရောက်တိုင်းတစ်နှစ်တစ်ကြိမ် ကျင်းပပါသည်။
ဆံတော်ရှင်စေတီတော်၏ အတိုင်းအတာမှာ
စေတီတော်အမြင့် ငှက်ပျောဖူးထိ =လက်တောင်၄၂ တောင် 
အောက်ခြေလုံးပတ် = ၁၄၈ တောင်နှင့် ၁ ထွာ
တတိယပစ္စယာ = လက်တောင် ၆၀ တောင်
စေတီပထမပစ္စယာ =  လက်တောင် ၃၄ တောင် တို့ဖြစ်ပါသည်။

 ဆံတော်ရှင်တောင်ပေါ်မှ စိုးမဲကျီဆိပ်ကမ်းအားလှမ်းမြင်ရစဉ်
ဆံတော်ရှင်ကျွန်း ကမ်းခြေကျောက်ဆောင်အလှ
ဘုရားဖူးခရီးသွားလူငယ်တစ်ချို့

ဆံတော်ရှင်သဘာဝအလှဓာတ်ပုံများကို ကိုစံလင်းနိုင်မှ ကူညီပေးပါသည်။

1 comment:

  1. ကောင်းကောင်းသာယာပါရေအစ်ကို..
    ကျွန်တော်ပေါက်တောမြို့ကပါ.
    တခြားလူတိလည်းဆံတော်ရှင်ဘုရားကိုပူဇော်နိုင်အောင်ဓါတ်ပုံတိကို
    ကူးယူပြိး AMP မှာတင်ပီးလိုက်ပါရေ..

    ReplyDelete