Thursday, May 13, 2010

ဆရာတော်ဦးဥတ္တမပန်းခြံ

မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ကြီး၏ ရုပ်ပုံကိုကြေးရုပ်တုအဖြစ် သွန်းလုပ်ပြသထားသည့် ပန်းခြံကြီးတစ်ခုဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးနိုးကြားမှုရှိစေရန် ပထမဆုံးနိုင်ငံရေးမျက်စိကိုဖွင့်လှစ်ပေးခဲ့ပြီး အရှေ့တောင်အာရှ တစ်လွှား၌ နိုင်ငံရေးနိုးကြားမှုရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေးစာပေများရေးသားပြီး စတင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ပါ သည်။ ဆရာတော်ကြီးသည် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်တွင် အဖဦးမြနှင့် အမိဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပါသည်။


 




 “၂၀၁၀ ခုနှစ်၊ ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်တွင် ရူပမြောက်ရပ်ကွက်မှ ဆရာတော်ဦးဥတ္တမအား ဦးထိပ်ပန်ဆင်၍ ရထားဆွဲရန် ချီတက်လာစဉ်”









စစ်တွေမြို့ ရွှေစေတီကျောင်းဆရာတော်ထံ ရှင်သာမဏေ၀တ်ခဲ့လေသည်။ ရဟန်းဝတ်ဖြင့် အိန္ဒိယ.၊ ပြင်သစ်၊ ဂျပန်နိုင်ငံများသို့ သွားရောက်ပြီး ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာပါမောက္ခအဖြစ် ပါဠိနှင့်သင်္သကရိုက်ဘာသာကို ပို့ချခဲ့သည်။ ဂျပန်နိုင်ငံမှအပြန်တွင် ကိုးရီးယား၊ မန်ချူးရီးယား၊ တရုတ်နိုင်ငံများသို့ ၀င်ရောက်ခဲ့သည်။ မြန်မာလူမျိုးတို့ မျိုးချစ်စိတ်ဓာတ်နိုးကြားရှင်သန်လာစေရန်အတွက် သူရိယသတင်းစာ၌ ခေါင်းကြီး၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ၀ံသာနုရက္ခိတ တရားများကို ရှင်သန်စေခဲ့သည်။ ထိုအချိန်က ဘုရင်ခံအား “ဆာရယ်ဂျီကရက်ဒေါက် မင်းဗမာပြည်မှပြန်သွား”ဟု ရဲဝံ့စွာရေးသားခဲ့သည်။ နိုင်ငံရေးတရားဟောကြားမှုဖြင့် အကြိမ်ကြိမ်ထောင်ကျခဲ့သည်။ ဆရာတော်သည် မြန်မာလူမျိုးတို့၏ ရင်ထဲ၌ လွတ်လပ်ရေးစိတ်ဓာတ်များကို ရှင်သန်မျိုးစေ့ချပေးခဲ့ပါသည်။ နိုင်ငံရေးအတွက် နိုင်ငံတော်အတွက် မြန်မာလူမျိုးထုတစ်ရပ်လုံးအတွက် ဆင်းရဲဒုက္ခအမျိုးမျိုးကိုကြံကြံခံဂင်း ၁၃၀၁ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၁)ရက်၊ သက်တော် ၆၀ အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသည်။ ယခင်ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက် ခြေရင်းရှိကန်တော်မင်ပန်းခြံကို ဆရာတော်အားဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု အမည်ပေးခဲ့ပါသည်။ ယခုစစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံသည်လည်း ဆရာတော်ဦးဥတ္တမ၏ မြင့်မြတ်သော စိတ်ထား၊ အမြော်အမြင်များဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုတည်ဆောက်ထားသည့် ကြေးရုပ်ပန်းခြံတစ်ခုဖြစ်ပေသည်။




“သင်္ကြန်ပွဲတော်တွင် ဆရာတော်အရှင်ဦးဥတ္တမ ရုပ်တုအား ရေစင်သွန်းဖြန်းပြီး ရခိုင်မင်္ဂလာစည်တော်နှင့် ဂုဏ်ပြုပူဇော်နေကြစဉ်”







များအောင်၊ မြောက်ဦး ဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန် စာအုပ်မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment