Thursday, May 13, 2010

သျှစ်သောင်းပုထိုးတော်ကြီး

 သျှစ်သောင်းပုထိုးတော်မွမ်းမံထားသည့်ပုံ
“သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုသည့်စကားနှင့်အညီ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီ၊ ပုထိုးများကို မြောက်ဦးပတ်ဝန်းကျင်ရှိနေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့များပြားလှသည့် သမိုင်းဝင်စေတီပုထိုးကြီးများထဲတွင် သီရိသူရိယစန္ဓာမဟာဓမ္မရာဇာဘွဲ့ခံ”မင်းဗာဘုရင်ကြီးသည် သက္ကရာဇ် (၈၉၃)၊ အေဒီ ၁၅၃၁ ခုနှစ်တွင် တည်ထားခဲ့သည့် သျှစ်သောင်းပုထိုးတောင်ကြီးမှာ အထူးထင်ရှားလှပါသည်။
သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ်ဆိုရခြင်းမှာ ရခိုင်ပိုင်ဒေသဖြင့်သည့် ဘင်္ဂါ ၁၂ မြို့သည် သူရတန်ဘုရင်များ လက်ထဲသို့ကျရောက်သွားသဖြင့် ဘုရင်မင်းဗာကြီးလက်ထက်တွင် ပြန်လည်တိုက်ခိုက်ရယူပြီး ရန်အသွယ်သွယ်ကို (လုံးဝ)အောင်မြင်မှုရရှိခဲ့ခြင်း (သို့မဟုတ်) ဘုရင်မင်းဗာသည် စစ်တိုက်၍ အောင်မြင်မှုရရှိ ခဲ့သဖြင့် ဗုဒ္ဓဂါယာသို့ သွားရောက်ပြီး မဟာဗောဓိစေတီတော်၌ ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပေသည်။
 သျှစ်သောင်းပုထိုးတော် ရှေးလက်ရာပုံ
ထိုမှပင့်ဆောင်ယူခဲ့သည့် ဓာတ်တော်ပေါင်း ရှစ်သောင်းလေးထောင်နှင့် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်မျက် ရတနာတို့ဖြင့် ထုလုပ်ထားသည့် ဆင်းတုတော်ပေါင်း ရှစ်သောင်းလေးထောင်ကို ဌာပနာ ထည့်ကိုးကွယ်ထားခြင်းတို့ကြောင့်ခေါ်ဆိုသည်ဟု သိရပေသည်။ ပုထိုးတော်ကြီးအား သျှင်ငယ်ဆရာဦးမြ၀ါ အမှူးပြုပြီး ပန်းရံလုပ်သားပေါင်း ၁၀၀၀ ကျော်ဖြင့် မြောက်ဦးနန်းတော်၏ မြောက်ဘက်တွင်ရှိသည့် ဖိုးခေါင် တောင်ကိုပြုပြင်ပြီး စတင်တည်ဆောက်မှုများပြုလုပ်ခဲ့ကြသည်။
ဘုရားတည်ထားသည့် ကုန်းအမြင့်မှာ ပေ ၄၀ ခန့်ရှိသည်။ ဘုရား၏ ပုရ၀ုဏ်တံတိုင်းသည် အရှေ့မှ အနောက်သို့ ၂၂၅ ပေနှင့် မြောက်ဘက်မှ တောင်ဘက်သို့ ၁၈၀ ပေအသီးသီးရှိကြပေသည်။ တည်ဆောက်ထားပုံမှာ ထူးခြားမှုများရှိပါသည်။ ပုထိုးတော်ကြီးကို မဏ္ဍိုင်ငါးရပ်၊ လိုဏ်ဂူငါးထပ်ဖြင့် စံနစ် တကျဖွဲ့စည်းတည်ဆောက်ထားပါသည်။ ကျောက်ညိုဘုရားများကိုစီတန်းပြီးတည်ထားပါသည်။ ပြီးမှ  စေတီတော်မြတ်၏ ရှေ့တော်တွင် ကျောက်အုတ်တံတိုင်းတို့ဖြင့် ပတ်ပတ်ဝန်းရံထားပြီး အလယ်တွင် ကြီးမားသည့် သိမ်တော်ကြီးကို တည်ဆောက်ခဲ့သည်။


တစ်ရာ့ရှစ်ခန်းသော ဌာနပနာကို မြေအောက်တွင် ထည့်သွင်းပြီး မဏ္ဍိုင်ကြီးငါးရပ်ကို စတင်တည်ပြီး စေတီတော်ကြီး၏ မဟာရံအတွင်း၌ စေတီငယ်များစွာကို ထပ်မံထည့်သွင်းတည်ဆောက်ထားပါသည်။ စေတီတော်ကြီးအတွင်း၌ ဒုတိယအထပ်တွင် မဏ္ဍိုင်ငါးခုကို ဗဟိုပြုလျှက် ဗုဒ္ဓဘုရားရှင်ကျင်လည်တောင်မူခဲ့ရသည့် နိပါတ်တော်လာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ ရုပ်ပုံများကို နံရံတွင် ကျောက်ဆစ်လက်ရာဖြစ်စဉ်ဘ၀ဖြစ်ရပ်များနှင့်အတူ ဒုတိယထပ် လက်ျာဘက် အောက်ဆုံးတန်းမှစတင်၍ ဖြစ်စဉ်တို့ကို ဇာတ်ထုပ်ထုဆစ်ထားခြင်း၊ နရယံ၊ ဗိဿနိုးစသည့် ဟိန္ဒူနတ်ရုပ်၊ နိပါတ်တော်လာ ဇာတ်ရုပ်များ၊ လောကီကျမ်းစာမှ ဖော်ညွှန်းသည့် ဇတ်ရုပ်အများအပြားကို ထည့်သွင်းထုဆစ်ထားပါသည်။ ငါးထပ်လိုဏ်ဂူအတွင်းမှာ နေရာလပ်မကျန်သည်အထိ ကျောက်ဆစ်လက်ရာ များတွေ့မြင်နိုင်လေသည်။
သျှစ်သောင်းပုထိုးတော်ကြီး၏ ရင်ပြင်တော်ပေါ်၌ ဘုရားတည်ဒါယကာဘုရင်မင်းဗျာကြီးရုပ်တုနှင့် ဘုန်းတန်ခိုးများ ညွှန်းဆိုသည့် အရှေ့ဘက်သို့ မျက်နှာမူနေသည့် နေထွက်ဘုရားကြီးနှင့် အနောက်ဘက်သို့ မျက်နှာမူနေသည့် နေ၀င်ဘုရားတို့ရှိကြလေသည်။ အတွင်းဘက်ရှိ နံရံလိုဏ်ပတ်နံရံများတွင် ကျောက်တုံးများကို ထုဆစ်ထားသည့် နံရံတစ်ခုစီတွင် အဆင့် ခြောက်ဆင့်ခွဲခြားထားပြီး  ဘုရား၏ ဖြစ်တော်ပေါင်းစုံဘ၀များကို စုံစုံလင်လင်လက်ရာမြောက်ထုဆစ်ထားသည့် ရုပ်လုံးရုပ်ကြွများ၊ ဆင်ခင်းသဘင်၊ မြင်းခင်းသဘင်၊ သိကြား၊ ဗြဟ္မာ၊ ဂုမ္ဘာန်၊ ဘီလူး၊ ယက္ခရုပ်များနှင့်အတူထူးခြားသည့် “ဗျာလ်” ရုပ်တုခေါ်သည့် သတ္တ၀ါကိုးကောင်၏ အစိတ်အပိုင်းတစ်ခုစီဖြင့် ပေါင်းစပ်ထားသည့် န၀ရူပံ ရုပ်တုကိုလည်း တွေ့ရလေသည်။ ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် ပုံပြင်ဝတ္တုပြကွက်များ၊ ဂီတအက၊ တီးမှုတ်ခြင်း၊ ရခိုင်ရိုးရာ အားကားနည်းတစ်ခုဖြစ်သည်။ “ကျင်”ကစားနည်းစနစ်ပြကွက်များ၊ ဒိုင်းလွှားများကိုင်စွဲသည့်ပုံစည့် ရုပ်ကြွများကို ဆေးရောင်စုံကြွေရည် များသုတ်လိမ်းပြီးပြသထားသည်။ အတွင်းဘက်လမ်းကြောင်း တစ်လျှောက်လုံးရှိ နေရာများတွင် ၀သုန္ဒရီနှင့် ၀သုန္ဒရာနတ်ရုပ်ပါသည့် ကျောက်တိုင်များနှင့် ရုပ်စုံတော်ထုတ်ဆစ်ထားသည့် နံရံဖောင်းရစ်အဆင့်သုံးဆင့်တွင် ဆီမီးထွန်းညှိပူဇော်နိုင်ရန်အတွက် ကျောက်သားကို ထွင်းထုပြုလုပ်ထားသည့် ကျောက်ဆီမီးခွက် ငယ်(၁၁၀၄)ခုကို တွေ့ရပေသည်။
သျှစ်သောင်းပုထိုးတော်အတွင်းပိုင်းတွင် ဘုရားဒါယကာဖြစ်သည့် ဘုရင်မင်းဗာကြီးနှင့် မိဖုရားဖွားစော ပုံများကိုဖော်ပြရာတွင် ထူးခြားတစ်ခုမှာ ဘုရင်မင်းဗာကြီးတွင် လက်ခြောက်ဖက်ပါရှိခြင်းဖြစ်သည်။ တတိယ လိုဏ်ထပ်နှင့် ဒုတိယလိုဏ်ထပ်သို့ ၀င်သည့်နေရာအပြင်ဘက်အာရုံခံတန်ဆောင်းတွင် ဝေသာလီခေတ်မှ ဘိသေက မုနိ ရှေးဟောင်းဆင်းတုတော်တစ်ဆူ၌ ဦးတော်တွင် ဗောင်းတော်နှင့် နန်းဝတ်နန်းစားတို့ဖြင့် ရှေးရခိုင်ဘုရင်များ၏ ၀တ်စားဆင်ယင်မှုကိုတွေ့မြင်နိုင်ပြီး ဘုရင်မင်းဗာကြီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာစေတီတော်မှ ပင့်ဆောင်ယူလာခဲ့သည့် “သိရိပါဒ”ခြေတော်ရာကိုဖူးတွေ့နိုင်ပါသည်။

 အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာစေတီတော်မှ ပင့်ဆောင်ယူလာခဲ့သည့် “သိရိပါဒ”ခြေတော်ရာ
ပုထိုးတော်သို့သွားမည့်လမ်း၏ ဘယ်ဘက်အကွေ့နေရာ၌ ညီတော်ဘုရားရုံစုံပလ္လင်တော်အား ကျောက်ကို အနုပန်းနွယ်ခက်များဖြင့် မြောက်ဦးခေတ်လက်ရာများကိုတွေ့မြင်ရသည်။ မင်းတြားပြင်ကျေးရွာအနီးမှ ပြောင်းရွှေ့ယူလာသည့် တစ်ကိုယ်လုံးကြာသင်္ကန်းရုံထားသည့် ပုံသဏ္ဍာန်ထုဆစ်ထားသည့် ကျောက်တော်ဆင်းတုတော်တစ်ဆူနှင့် မြောက်ဦးပတ်ဝန်းကျင်မှ ပင့်ဆောင်ပူဇော်ထားသည့် ကျောက်ဆင်း တုတော်များ၊ ကျောက်ပလ္လင် လက်ရာများကို သိမ်တော်ကြီး၏ အတွင်းပိုင်းနှင့် ပစ္စယံနေရာများတွင် တွေ့ရပေသည်။
ပုထိုးတော်ကြီး၏ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်ရှိ တံတိုင်းများပေါ်၌ သီးခြားစေတီကြီးများနှင့် အရံစေတီငယ်များကို တည်ထားသည်။ ပုထိုးတော်သည် ဝေသာလီခေတ်ကျောက်စတူပါစေတီပုံသဏ္ဍန်မျိုး ဖြစ်ပြီး လိုဏ်ဂူငါးထပ်ဖြင့် တည်ဆောက်ထားပြီး ထိုလိုဏ်ဂူတော်များနှင့် ခေါင်မိုးပေါ်တွင် ဗဟိုစေတီတော်တစ်ဆူနှင့် အရံစေတီ ၂၆ ဆူရှိလေသည်။ စေတီအားလုံး၏ ပုံသဏ္ဍန်မှာ ခေါင်းလောင်း မှောက်ပုံစံမျိုးဖြစ်ပြီး၊ ထူးခြားသည့် မဏ္ဍိုင်ငါးရပ်ဖြင့် ပုထိုးတော်ကြီးကို တည်ဆောက်ထားပေသည်။
သျှစ်သောင်းပုထိုးတော်ကြီးအနောက်ဖက်တွင် ပြိုပျက်သွားခဲ့သည့် ခန်းမကြီးတစ်ခုရှိပေသည်။ ဘုရင်များ ဘိသက်သွန်းလောင်းသည့် အဆောင်ဟုသိရလေသည်။ ဤအဆောင်နှင့် ကပ်လျက် ဘိသိက် သွန်းလောင်းသည့် အဆောင်ဟုသိရပါသည်။ ဤအဆောင်နှင့် ကပ်လျက် ဘိသိက်သွန်းလောင်းသည့် ကာလတွင် မင်္ဂလာတရားတော်မြတ်များနာယူရသည့် ဘိသိက်အဆောင်(သို့မဟုတ်)ဥပုသ်ဆောင် ရှိလေသည်။
 အပြင်ဘက်ကျော်ကဆစ်လက်ရာများ
အပြင်ဘက်နံရံများတွင် လက်ရာမြောက်သည့် ကျောက်ဆစ်ရုပ်ကြွများကို ခမ်းခမ်းနားနား ဖော်ပြထားပြီး နံရံကပ် ကျောက်ဆက်လက်ရာတို့ဖြင့် သာသနာတော်စောင့်နတ်၊ ၀ိရူပက္ခဘီလူးရုပ်တုများ၊ စတုလောကပါလနတ်မင်းကြီးလေးပါးနှင့် မိဖုရားပုံများ၊ မုခ်တံကဲများ၏ထိပ်တွင် ပန်းကိုက်ဘီလူးရုပ်တုများရှိ ကြသည်။
ရခိုင်ပြည်နယ်သည် နှစ်စဉ်မိုးရွာသွန်းမှုပိုကဲပြီး စိုစွတ်သောဒေသဖြစ်သည်။ ထိုသဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် ခိုင်ခံသည့်ကျောက်တုံးကြီးများဖြင့် ကျောက်ဆစ်လက်ရာတို့ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားခဲ့ကြလေသည်။ လုံလောက်သည့် အလင်းအမှောင် ၀င်ရောက်နိုင်မှုနည်းစနစ်များနှင့် ပြည့်စုံသည့် သမိုင်းဝင်ရှေးဟောင်းသျှစ်သောင်းပုထိုးတော်ကြီးထဲတွင် အဆင့်အတန်းမြင့်မားသည့် ရခိုင်ဗိသုကာအတတ်ပညာရပ်များကိုတွေ့မြင်ရပါသည်။
သျှစ်သောင်းဘုရားကျောက်စာတိုင်
ပုထိုးတော်သို့ တက်ရောက်ရသည့် လမ်းဝဲဘက်တွင် မြေပြင်မှ ၉ ပေ ၇ လက်မမြင့်သည့် လေးထောင့်ပုံသဏ္ဍာန် ကျောက်စာတိုင်တစ်ခု စိုက်ထူထားလေသည်။ ကျောက်စာတိုင်၏ မျက်နှာပြင် တစ်ဖက်တစ်ချက်စီ၏ အကျယ်မှာ ၂ ပေ ၄လက်မခန့်ရှိသည်။ ကျောက်တိုင်ထိပ်၏ ထိပ်ပိုင်းကို အုပ်ပြီး စွပ်ထားနိုင်ရန် ၂ ပေ ၄ လက်မ စတုဂံကို ၁ ပေ ၉ လက်မနှင့် ၂ ပေ ၂ လက်မ စတုရန်းပုံသဏ္ဍန်အဖြစ် ထွင်းထုထားပါသည်။
ကျောက်စာတိုင်၏ တောင်ဘက်မျက်နှာမှအပ ကျန်သည့် သုံးဖက်တွင် စာများရေးထိုးထားပါသည်။ ဤ ကျောက်စာတိုင်ကို အနန္ဒစဋ္ဋန္ဒကျောက်စာတိုင် (သို့မဟုတ်)သျှစ်သောင်းကျောက်စာတိုင်ဟု ခေါ်ဆိုပါသည်။ အရှေ့၊ အနောက်၊ မြောက်ဘက်တို့တွင် အိန္ဒိယမြောက်ပိုင်းသုံး ရှေးကျသည့် အက္ခရာတို့ဖြင့် ကျောက်စာများ ရေးထိုးထားခဲ့သည်။
အရှေ့ဘက်ခြမ်းတွင် စာကြောင်းရေ တစ်ရာခန့်ရေးထိုးထားပါသော်လည်း ဖတ်ရှု၍မရနိုင်အောင် ပျက်စီး နေသည်ကိုတွေ့ရပေသည်။ အက္ခရာစာလုံးများ၏ ပုံသဏ္ဍန်ကို မှန်းဆပြီး အေဒီ ၃၀၀-၆၀၀ ခန့် အချိန်တွင် ရေးထိုးထားခဲ့သည့် ကျောက်စာတစ်ချပ်ဟု ခန့်မှန်းကြပေသည်။
ကျောက်စာတိုင်၏ အနောက်ဖက်တွင် ရေးထိုးထားမှုကို ရှေးပြေးနာဂရီအက္ခရာဖြင့် အေဒီ ၇၂၉ ခုနှစ်ခန့်က ရေးထိုးခဲ့သည်ဟု သတ်မှတ်ကြသည်။ ဤအခြမ်းမှကျောက်စာတို့မှာ ပျက်စီးမှုလျော့နည်းသဖြင့် ဖတ်ရှု၍ ရပါသေးသည်။ စာကြောင်းရေ ၇၁ကြောင်းခန့် ပါပြီး စာကြောင်းထဲတွင် ရခိုင်မင်းဆကင်များအကြောင်းပါရှိ ပါသည်။ ကျောက်စာများတွင် ၁၀ရာစုတွင် အသုံးပြုသည့်လက်ရေးအမျိုးအစားနှင့် ရေးထိုးထားသည့် စာကြောင်းနှစ်ကြောင်းကိုတွေ့ရပြီး၊ မြောက်ဘက်မျက်နှာရှိ စာကြောင်းလေးကြောင်းအောက်တွင် အေဒီ ၆၀၀ ခန့်မှ အသုံးပြသည့်အရေးအသားများကိုတွေ့ရပါသည်။
ဤကျောက်စာတိုင်တစ်ခုတည်းပေါ်တွင် အေဒီ ၆ ရာစု၊ အေဒီ ၈ ရာစု၊ အေဒီ ၁၀ရာစုတို့တွင် ထွန်းကားခဲ့သည့် အက္ခရာအရေးအသားအမျိုးမျိုးတို့ဖြင့် ထူးခြားမှုရှနေသည့် အနန္ဒစန္ဓြကျောက်စာတိုက်မှာ ကမ္ဘာပေါ်ရှိကျောက်စာတိုင်ရေးထိုးများထဲတွင် သီးခြားဖြစ်နေသည်ကိုတွေ့ရလေသည်။ ဤကျောက်စာတိုင် ကို ၁၅၃၅ ခုနှစ်တွင် ဘုရင်မင်းဗာသည် ဝေသာလီမြီု့တော်ဟောင်းမှ ပြောင်းရွှေ့ယူလာသည်။ ယခုအခါ ကျောက်စာတိုင်ကို သံတိုင်များခြံရံပြီး ထိန်းသိမ်းမှုပြုလုပ်ထားပါသည်။ ကျောက်စာတိုင်အနီးတွင် ရှေးယခင်က ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာကျယ်ပြန်ထွန်းကားမှုတို့ရှိခဲ့သည်ကို ဖော်ပြသည့် အတောင်နှစ်ဖက်တပ်ထားသည့် စက်ဝိုင်းပါသည့် ယဉ်ကျေးမှုသင်္ကေတများကိုတွေ့မြင်ရပါသည်။ ထိုမှ ဘုရားအ၀င်လမ်းတွင် မြင့်မြတ်တောက်ပခဲ့ကြသည့် ရခိုင်ဘုရင်များ၏ ဖြောင့်မတ်သည့် အာဏာစက်တို့သည် အရပ်ရှစ်မျက်နှာအနှံအပြားသို့ ဖြန့်ကြက်မှုများရှိခဲ့ကြောင်း ရည်ညွှန်းသည့် ရှစ်မြောင့်ပုံသဏ္ဍာန်တုရိုဏ်တိုင်တစ်ခုလည်းတွေ့မြင်ရပါသည်။

များအောင်၊ မြောက်ဦး ဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန် စာအုပ်မှ ကူးယူဖော်ပြသည်

No comments:

Post a Comment