Thursday, May 13, 2010

ရခိုင်ရိုးရာကျင်ပွဲ

“ကျင် ကျင် ကျင် ရခိုင်သားကြိုက်တေကျင်၊ ရမ်းဗြဲ၊ မာန်အောင်၊ အနောက်သားရခိုင်ကြိုက်တောကျင်. ....” ဆိုသည်နှင့်အညီ ကျင်ပြိုင်ပွဲမှာ ရခိုင်လူမျိုးတို့တွင် “ကျင်”အမည်ရှိသည် ရိုးရာအားကစားတစ်ခုမှာ အထူး ထင်ရှားလှပါသည်။  ဤကစားနည်းသည် ရှေးရခိုင်ဘုရင်မင်းများလက်ထက်မှ စတင်ဆင်းသက်လာခဲ့သည်ဟု သမိုင်းအထောက်အထားများအရသိရပါသည်။ အေစီ ၁၅၃၁ ခုတွင် မြောက်ဦးထီးနန်းကို နန်းတက်အုပ်ချုပ်သည့် ဘုရင်မင်းဗာကြီး၏ ကောင်းမှုတစ်ခုဖြစ်သည့် သျှစ်သောင်းပုထိုးတော်၏ လိုဏ်ပတ်နံရံမှ ရုပ်လုံးရုပ်ကြွတို့အထဲတွင် “ကျင်”ကစားနည်း ရုပ်လုံးရုပ်ကြွများကိုတွေ့ရပါသည်။ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်တွင် ထားရှိသည့် ကျင်ပြိုင်ပွဲရုပ်တု

သက်ကြီးပူဇော်ပွဲတွင် ကျင်အကဖြင့် ဖျော်ဖြေဟန်
ကျင်စကစားနည်းမှာ နုပျိုဖြတ်လတ်သန်စွမ်းရည်ရှိသည့် ယောက်ျားများတတ်အပ်သည့် ကိုယ်ခံပညာရပ် တစ်ရပ်ဖြစ်သည်၊ ရခိုင်ယောက်ျားများသည် ငယ်စဉ်အရွယ်မှစတင်ပြီး ကိုယ်ခံပညာရပ်ဖြစ်သည့် ကျင်ပညာရပ်များကိုလေ့ကျင့်သင်ကြားမှုပြုလုပ်ကြရသည်။. အားကောင်းမောင်းသန်ကျင်ပညာစွမ်းရည် ပြည့်ဝ သူကို “ကျင်သန်”ဟုသတ်မှတ်ဂုဏ်ယူခေါ်ဆိုကြသည်။ ကျင်စကားနည်းမှာ နပန်းလုံးခြင်းနှင့် တူညီသည်ဟု တစ်ချို့က သတ်မှတ်သော်လည်း နည်းစနစ်ပိုင်းဆိုင်ရာတို့မှာ လုံးဝ၊ လုံးဝကွဲပြားခြားနားမှု ရှိသည်ကိုတွေမြင်ရလေသည်။ ထူးချွန်ကျော်ကြားသည့် ကျင်သန်တစ်ဦးသည် ပြိုင်ဘက်များ၊ ပွဲစဉ်များ၊ အခက်အခဲများကိုကျော်ဖြတ်ပြီးမှ အောင်မြင်မှုကိုရရှိလာခြင်းဖြစ်သည်။ 
ကျင်ပြိုင်ပွဲတွင် ပြိုင်ပွဲများကို အဆင့်နှစ်မျိုးသတ်မှတ်ပြီး ကျင်းပရသည်။ လူသစ်တန်း ကျင်သန်(ကျင်ကစား သမား)တို့မှာ “ငွေမောင်းတန်း”အဆင့် စတင်ပြီး ၀င်ရောက်ယှဉ်ပြှို်ရပြီး ငွေမောင်းတန်းတွင် ထူးချွန်အောင်မြင်မှုအကြိမ်ကြိမ်ရထားသည့် ကျင်သန်ကြီးများမှာ တစ်ဆင့်တက်ပြီး “ရွှေမောင်းတန်း အဆင့်”သို့ ပြောင်းလဲဝင်ရောက်ယှဉ်ပြိုင်ကြရသည်။ ရခိုင်ကျင်ကစားခြင်းလောကတွင် ထင်ရှားသည့် ကျင်သန်ကြီးများမှာ ညလားဦးထွန်းစံဖြူ၊ ဦးလွန်းလှဦး၊ (ညလားဦးထွန်းစံဖြူ၏သားကြီး)၊ ဦးကျော်မင်း(ညလား ဦးထွန်းစံဖြူ၏ သားငယ်)၊ ဦးရွှေအောင်၊ ဦးမောင်ဖြူသီး၊ ဦးမောင်နီတို့မှာ အထူးထင်ရှားကြသည့် ပြည်ကျက်သရေဆောင် ကျင်သန်ကြီးများဖြစ်ပါသည်။
ကျင်ကစားနည်းစနစ်မှာ ၂၈ နည်းရှိပါသည်။ သတ်မှတ်ထားသည့် စည်းကမ်းချက်မှာ ၂၃ ချက်ရှိပါသည်။ ကျင်ကစားရာတွင် ပြိုင်ဖက်နှစ်ဦးတွင် တစ်ဦးက “အဖမ်းသမား”ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ “အခံသမား” ဖြစ်သည်။ အဖမ်းနှင့်အခံ ကျင်သန်နှစ်ဦးတွဲဖက်ပြီး ကစားရသည့်အားကစားဖြစ်သည်။ ကျင်ကစားသူတို့မှာ လုံချည်ကို ခါးတောင်းကျိုက်ပြီးကစားရသည်။ ခါးပတ်နှစ်ခုရှိသည့်အနက် တစ်ဦးက အဖြူရောင်ခါးပတ်ကို ပတ်ပြီး ကျန်တစ်ဦးမှာ အနက်ရောင်ခါးပတ်ကို ၀တ်ဆင်ရသည်။ အပေါ်ပိုင်းမှာ အကျိံင်္ီင်္ီမ၀တ်ရ၊ ဖိနပ်စီးခြင်း လုံးဝမရှိပေ။ ညီညာပြန့်ပြူးသည့် ကွင်းပြင်ကျယ်မြေပြင်များတွင် ကျင်ပွဲများကို ကျင်းပပြုလုပ်ကြသည်။
ကျင်ကစားကြရာတွင် အဖမ်းသမားကျင်သန်သည် သုံးကြိမ်အထိ တစ်ဖက်သားကျင်သန်အား ဖမ်းချုပ်ရ သည်။ အခံသမားကို ကျင်လုံးပြီး ချနိုင်ခွင့်ရှိပါသည်။ တစ်ဦးနှင့်တစ်ဦးလုံးထွေးဖမ်းချုပ်တွန်းကန်၊ ခြေတင်၊ ခြေချိတ်၊ ခြေလိမ်ခြင်းတို့ ပေါင်းစပ်ပါဝင်သည့် ကျင်ခြင်း (ကျင်ပညာနည်းစနစ်)များကို အသုံးချပြီး တစ်ဖက်သားပြိုင်ဖက်ကျင်သန်အား မြေကြီးသို့တွန်းလှဲချကာ၊ အနိုင်ရယူရန် ကြိုးစားရသည်။ ကျင်ပြိုင်ပွဲတွင် ကျင်ဒိုင်နှစ်ဦးက ကြီးကြပ်ပြီး ကျင်သန်နှစ်ဦး ကစားကွက်လှူပ်ရှားမှုများ နည်းစနစ်မှန်ကန်စွာ အသုံးချပြီး ကစားမှု ရှိ/မရှိ သတိထားစောင့်ကြည့်ရပြီး ဆုံးဖြတ်ရပါသည်။ ကျင်ကစားနေစဉ် ထိုဒိုင်နှစ်ဦးမှာလည်း ကျင်သန်များနှင့် အတူ လှုပ်လှုပ်ရှားရှားသွက်သွက်လက်လက် လုပ်နေရသည်ကို “ကျားလား ”(သွားလား) စသည်ဟုခေါ်ဆိုပါသည်။
ဤကျင်ပြိုင်ပွဲများကို ရှေးရခိုင်မင်းများလက်ထက်တွင် ရခိုင်ရိုးရာ ကျင်ကစားပွဲများကို မင်းပွဲမင်းညီလာခံများ တွင်သာ ကျင်းပခဲ့ကြပါသည်။ ယခုအခါကျေးလက်၊ မြို့ပြများတွင် ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပကြပါသည်။ ပွဲစဉ်၏ နောက်ဆုံးနေ့တွင် “ငွေမောင်တန်း”နှင့် “ရွှေမောင်းတန်း”ကျင်ပွဲနောက်ဆုံး ဗိုလ်လုပွဲကိုကျင်းပရသည်။ ပြိုင်ပွဲတွင် အနိုင်ရသူရော ရှုံးနိမ့်သူပါ ပွဲကြည့်ပရိသတ်များထံ ၀င်ရောက်ဆုခံကြရသည်။ ကျင်းပွဲများတွင် ချီးမြင့်သည့် ရွှေမောင်း၊ ငွေမောင်းတို့မှာ တစ်ကျပ်သား၊ နှစ်ကျပ်သားရှိသည့် ရွှေစင်၊ ငွေစင် စစ်စစ်တို့ဖြင့်  ပြုလုပ်ချီးမြင့်ထားခြင်းဖြစ်သည်။ ယခင်က ရွှေမောင်းတန်းဆုချီးမြင့်ရာတွင် ရွှေမောင်း၏ အလယ်တည့်တည့်တွင် အဖိုးမြင့်မားသည့် စိတ်များတပ်ဆင်ထားသည့် “စိန်မောင်း”များချီးမြင့်ခဲ့ကြပါသည်။ ကျင်ကစားပွဲတော်များများတွင် အောင်မြင်မှုရရှိလာသည့် ကျင်သန်တစ်ဦးသည် အောင်မြင်ကျော်ကြား ပီတိတို့သည်ကား  သူ၏ရှေ့လျှောက်ရမည့် ဘ၀နဲ့ ပတ်သက်ပြီး ယုံကြည့်မှုအားသစ်များပင်ဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာကစားနည်းတစ်ခုဖြစ်သည့် ကျင်ပွဲများသည် ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည့် သာမက တိုင်းပြည်နှင့်လူမျိုးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး သက်လုံပြည့်ဝမှု၊ ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်စေမှုတို့ကို အထောက်အကူပြုနေသည်ကိုတွေ့ရလေသည်။

များအောင်၊ မြောက်ဦး ဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန် စာအုပ်မှ ကူးယူဖော်ပြသည်

No comments:

Post a Comment