Wednesday, May 12, 2010

အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး

အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးမှာ စစ်တွေမြို့တွင် အလွန်ထင်ရှားသော ဘုရားကြီးတစ်ဆူဖြစ် ပါသည်။ ၁၂၅၁ ခုနှင့် ၁၂၆၀ ပတ်ဝန်းကျင်လောက်တွင် စစ်တွေမြို့ရပ်နီးရပ်ဝေးတွင် အတိတ်တစ်ဘောင် တစ်ခုပေါ်ထွန်းခဲ့ ပါသည်။ တဘောင်မှာ ငွေလံလည်းကိုင်၊ ကိန်းနှင့်ဆိုင် ရခိုင် ဘုရားပေါ်လတံ္တ ဟူ၍ဖြစ်သည်။

ထို့နောက်ကျားရုပ်ကျောင်းတိုက်ဆရာတော်၊ ရွှေစေတီဆရာတော်၊ လမ်းမတော်ဆရာတော်၊ ပညာလင်္ကာရ ဆရာတော်တို့ စည်းရုံးညီညွတ်စွာဖြင့် ဂေါပကအဖွဲ့နှင့်တိုင်ပင်ကာ လူအပေါင်းတို့အား တိုက်တွန်း နှိုးဆော်ကြလျှက် ဘုရားတစ်ဆူသွန်းလုပ်ကိုးကွယ်တော်ရန်တိုင်ပင်ခဲ့ကြပါသည်။  ၄င်းကိစ္စအတွက် ကျားရုပ်ကျောင်းတိုက်ဆရာတော်၏ ၀မ်းကွဲညီတော်သူ ရူပရပ်နေ ကုန်သည်ကြီးဦးသာဇံက ဦးစီးဆောင်ရွက်ခဲ့ ပါသည်။ မြို့လူထုအပေါင်းတို့ကလည်း ဘုရားကြီးတည်ရန်လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြပါသည်။ ဦးသာဇံသည် လိုအပ်သည့် ကြေးစင်များကို ကာလက္တားသို့ သွားရောက်ဝယ်ယူခဲ့ပြီး၊ ကောဇာသက္ကရာဇ် ၁၂၆၁ ခု၊ ရခိုင်ကဆုန်လဆန်း ၉ ရက် ဗုဒ္ဒဟူးနေ့တွင် ကျားရုပ်ကျောင်းတိုက်ဝင်းအတွင်း ၌ ဘုရားကြီးကို သွန်းလုပ်ခဲ့ရာ ခုနစ်ရက်မြောက်နေ့ ကဆုန်လပြည့် အင်္ဂါနေ့တွင် ဘုရားကြီးသွန်းလုပ် အောင်မြင်ပြီးစီးတော်မူခဲ့ပါသည်။ ဘုရားကြီးအား ၀င်္ကဘာကွင်းတွင် ယာယီစံကျောင်းတော်သို့ ပြောင်းရွှေ့ ပင့်ဆောင်လျှက် “အတုလမာရဇိန်ဘုရားကြီး”ဟု ဘွဲ့တော်သမုတ်ကာ အနေကဇာတင်ခဲ့ပါသည်။ ၄င်းတွင်မှ ငွေလှံလဲကိုင် တစ်ဘောင်အဓိပ္ပါယ်မှာ ငွေ=၂၊ လှံ=၄၊ လဲ=၄၊ ကိုင်=၂ နှင့် ကောဇာသက္ကရာဇ် ၁၂၆၁ခု၊ ရောက်ဆဲသာသနာတော်နှစ် ၂၄၄၂ ခုနှစ်နှင့် တိုက်ဆိုင်ခဲ့သည်ကိုတွေ့ရပါသည်။

စစ်တွေမြို့ဝင်္ကဘာကွင်း
၎င်းနောက် ၁၂၆၅ ခုနှစ်တွင် ၀င်္ကဘာကွင်းမှ ဘုရားကြီးအား ပုလိပ်တန်းလျားများဆောက်လုပ်မည်ဆိုသောကြောင့် ကျားရုပ်ကျောင်း၏ အနောက်ဘက်ရှိ ပျာတာကန်ပျက်ကြီးကို ၀ယ်ယူလျှက် ဆည်ဖို့ပြီး  ၁၂၆၅ ခုနှစ်၊ တပေါင်းလတွင် ၀င်္ကဘာကွင်းမှ ဘုရားကြီးအား ၄င်းနေရာသို့ပြောင်းရွှေ့ခဲ့ပါသည်။
ဤသို့နှင့် ၁၂၇၄ ခု၊ ၀ါကျွတ်လဆန်း ၁၃ရက်နေ့တွင် ဘုရားကြီးသိမ်တော်ကိုဆောက်လုပ်ပြီးစီးပြီး ထီးတော်တင်လှူပွဲတော်ကို ကျင်းပခဲ့ပါသည်။ ၄င်းနောက် တစ်နေ့သောအခါတွင် ၀တ်ဖြူစင်ကြယ်ဖြင့် ပုဂ္ဂိုလ်တစ်ဦး ကျားရုပ်ဆရာတော်ထံရောက်လာပြီး “ဆရာတော်ဘုရား ပြည်လုံးချမ်းသာဘုရား ဘယ်မှာရှိပါမလဲ”ဟုမေးလျှောက်ရာ ဆရာတော်လည်း ထိုဘုရားအမည်ကို တစ်ခါမှ မကြားဖူးသဖြင့် အတုလမာရဇိန်ဘုရားကိုမေးသည်အထင်နှင့် ညွှန်လိုက်ရာ ထိုပုဂ္ဂိုလ်လည်း ၀မ်းသာစွာဖြင့် ကျောင်းမှထွက်သွားပါသည်။ ဤသို့ဖြင့် အထက်ပါပုဂ္ဂိုလ်ပြောပြသည့် “ပြည်လုံးချမ်းသာ” ဘုရားဟူသည် အတုလမာရဇိန်ဘုရားကြီးအလေးချိန် ၅၄၂၆ (ပြည်=၅၊ လုံး=၄၊ ချမ်း=၂၊ သာ=၆)နှင့် ကိုညီနေခြင်းကြောင့် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးဟု ရေးထိုးပူဇော်ခဲ့ကြပါသည်။
ယခုအချိန်တွင် နှစ်စဉ်နှစ်တိုင်း ဘုရာကြီး၊ ၀င်္ကဘာကွင်း၌ သီတင်းကျွတ်၊ တန်ဆောင်မုန်းရောက်တိုင်း ပွဲတော်များဆင်ယင်ကျင်းပလျှက်ရှိပါသည်။ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲမှာလည်း အထူးပင် စည်းကားလှပါသည်။

No comments:

Post a Comment